မော်တော်ယာဉ်Online Booking System ကျင့်သုံးခြင်းအား ယာဉ်ပိုင်ရှင်များသို့ အသိပေးခြင်း

မော်တော်ယာဉ်Online Booking System ကျင့်သုံးခြင်းအားယာဉ်ပိုင်ရှင်များသို့ အသိပေးခြင်း

၁။ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးတွင် ယာဉ်သက်တမ်းတိုးသည့် စီးရေများပြားလာသဖြင့်အချိန်ကြာမြင့်ခြင်း၊ ယာဉ်များတန်းစီရပ်နားထားသဖြင့် လမ်းများပေါ်တွင် ယာဉ်ကြော ကြပ်တည်းခြင်း အခက်အခဲများကိုကြုံတွေ့ခဲ့ရပါသည်။ အဆိုပါအခက်အခဲများ လျော့နည်းစေရန်အတွက် ယာဉ်နှစ်လဲမှတ်ပုံတင် ယာဉ်စစ်ဆေးရက်ချိန်းအား ကြိုတင်စာရင်းသွင်း မှတ်သားသည့်စနစ် (Online Booking System) ကို (၂၇.၁၂.၂၀၁၇) ရက်၊ ဗုဒ္ဓဟူးနေ့မှစတင်၍ ကျင့်သုံးသွားပါမည်။
၂။ ရက်ချိန်းရယူလိုသည့် ယာဉ်ပိုင်ရှင်များသည် (၂.၁.၂၀၁၈) ရက်၊ အင်္ဂါနေ့မှစတင်၍ ယာဉ်စစ်ဆေး ရမည့်ရက်ကို Online Booking စနစ်ဖြင့် စတင်ဆောင်ရွက်သွားနိုင်ပါသည်။
၃။ Online Booking System အား နှစ်လဲမော်တော်ကားများသာ စတင်ဆောင်ရွက်ပါမည်။ နယ်ဝင် ယာဉ်များ၊ ပြောင်းလဲခြင်းစစ်ဆေးခံမည့်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များသည် Online Booking ရယူရန်မလိုဘဲ ယခင်အတိုင်းဆောင်ရွက်နိုင်ပါသည်။။
၄။ ယာဉ်၏သက်တမ်းကုန်ဆုံးရက်မတိုင်မီ (၃)လကြိုတင်၍လည်းကောင်း၊ သက်တမ်းကုန်ဆုံးပြီး (၅)နှစ် သက်တမ်းကျော်လွန်ခြင်းမရှိသည့် ယာဉ်များလည်းကောင်း ရက်ချိန်းရယူနိုင်ပါမည်။
ဥပမာ – ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလအတွင်း ရက်ချိန်း ယူမည်ဆိုလျှင် –
• သက်တမ်းကုန်ဆုံးရက်မတိုင်မီ (၃)လကြိုတင်ယာဉ်များ ရက်ချိန်းရယူခြင်း –
၂၀၁၈ ခုနှစ်၊ ဧပြီလ(၃၀)ရက်အထိ သက်တမ်းကုန်ဆုံးမည့်ယာဉ်များ ကြိုတင်ရယူ နိုင်ပါသည်။
• သက်တမ်း(၅)နှစ်ကျော်လွန်ခြင်းမရှိသည့် ယာဉ်များ ရက်ချိန်းရယူခြင်း –
၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ(၃၁)ရက်အထိသာ သက်တမ်းရှိနေသည့်ယာဉ်များ ရက်ချိန်းရယူနိုင်ပါသည်။